နမ္မတူ အောက်တိုဘာ ၁၄
နမ္မတူမြို့နယ်အတွင်းရှိ ဧပြီလမှ စတင်မွေးဖွားသည့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် (၅၃၇)ဦးအား ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ငွေပေးအပ်ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ သိရသည်။
ထို့သို့ ထောက်ပံ့ငွေပေးအပ်ရာတွင် နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်၊ (KBZ Bank) မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ၂၀၂၀ ပြည့်နှစ် ဧပြီလ (၁)ရက်နေ့မှ စတင်မွေးဖွားသည့် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို တစ်လလျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၆)လအတွက် (၉၀၀၀၀)နှုန်းဖြင့် စက်တင်ဘာလ (၉)ရက်နေ့က (KBZ Pay) ဖြင့် ထောက်ပံ့ငွေထုတ်ယူသူ (၁၃၂)ဦး၊ စက်တင်ဘာလ (၂၂)ရက်နေ့က လက်ဝယ်အရောက် ထောက်ပံ့ပေးသူ (၃၁၃)ဦး၊ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (KBZ Pay) ဖြင့် ထောက်ပံ့ငွေ မထုတ်ဖြစ်သူ (၉၂)ဦးအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး စုစုပေါင်း (၅၃၇)ဦးအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်ထံမှ သိရသည်။
လူမော် (ပြန်/ဆက်)