လားရှိုး ဩဂုတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်(၉)ရှိ ရွှေလရောင်ကျောင်းတိုက်တွင် ကျင်းပသည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာသိန်းနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး အခမ်းအနားသို့တက်ရောက် လာကြသူများက ငါးပါးသီလဆောက်တည်ကာ ရွှေလရောင် ကျောင်းတိုက်အတွက် အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ရွှေလရောင်ကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်အရှင် သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)