သီပေါမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကျင်းပ

သီပေါ ဩဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တပ်နယ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး အခမ်းအနားတက်ရောက်လာကြသူများက ကိုးပါးသီလ ခံယူဆောက်တည်ကြခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များရွတ်ဖတ်သရဇ္ဇျာယ်ကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်မှ ဝါဆိုသင်္ကန်းကပ်လှူရခြင်းနှင့် ပတ်သက်၍ တရားတော်များကို ဟောကြားခဲ့ပြီးနောက် မြို့နယ်အတွင်းရှိကျောင်းပေါင်း (၂၀)မှသံဃာတော်အပါး(၂၀)တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်သံပြိုင်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)