လင်းခေး အောက်တိုဘာ ၁၄
၂ဝ၂ဝ-ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ အများပြည်သူတို့ မိမိအခွင့်အရေး မဆုံးရှုံးစေရေး မဲစာရင်းကြည့်ကြစို့ အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၇နာရီက လင်းခေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတို့က အသံချဲ့စက်ဖြင့် လင်းခေးမြို့ တွင်း၌ လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ လှည့်လည်နှိုးဆော်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်စာရင်းတွင်မိမိတို့အမည်စာရင်း ပါမပါ၊မပါရှိခဲ့သေးပါက လိုအပ်ချက်များဖြည့်စွက်နိုင်ရေးနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ များရှိ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ရန်၊ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးသွားစေရန်တို့ကို ရည်ရွယ်လျက် ယခုကဲ့သို့ပြည်သူတို့ထံ နှိုးဆော်ပေးရခြင်းဖြစ်ပါကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးချိုနိုင် က ပြောသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းများကို မြို့နယ်လုံးကျွတ် (ဟိုမိန်းမြို့အပါအဝင်) အောက်တိုဘာ ၁ရက်နေ့က ဒုတိယအကြိမ် (နောက်ဆုံး)ကပ်ထားကြေညာထားခဲ့ပြီးဖြစ်သောကြောင့် မြို့နယ် အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူလူထုအားလုံး မဲစာရင်းအား မပျက်မကွက် သွားရောက်ကြည့်ရှု သွားနိုင်ရေးအတွက် အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်လှည့်လည် နှိုးဆော်ပေးလျက် ရှိကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)