ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မောင်တော ဩဂုတ် ၁

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊‌ စေတနာရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကို ယနေ့ နေ့လယ် ၁ နာရီ အချိန်   သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊  ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး သုံးမိုင်ဘုန်းတော်ကြီးသင်ပရဟိတကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ်ဩဝါဒစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တစန္ဒာသီရိ အရှင်သူမြတ် ဆရာတော်ဘုရားကြီးထံမှ  ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး  ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန်အတွက် တာဝန်ပေးခံရသော ဗိုလ်မှူးချုပ်တင်ဆွေနှင့် ဇနီးဒေါ်မြမြတ်သိန်း မိသားစုမှလှူဒါန်းသော ကြာသင်္ကန်းအား အလှူရှင်မိသားစု၏ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မိသားစုဝင်များက သုံးမိုင်ဘုန်းတော်ကြီးသင်ပရဟိတကျောင်းတိုက် ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊  ခရိုင်/မြို့နယ် ဌာန ဆိုင်ရာ များ၊‌ စေတနာရှင်များ၊ ဧည့်ပရိသတ်များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား  ဝါဆိုသင်္ကန်း ၊ နဝကမ္မ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဝင် အောင်မြေဗောဓိသာသနာ့ရိပ်သာ (အလိုတော်ပြည့်)ကျောင်းဆရာတော်  မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တမဏိသာရ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းကြပြီး ရတနာ ရွှေမိုး ၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။ အဆိုပါ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရာတွင် မောင်တောမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော် ၂၀၂ ပါးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့် တန်ဖိုးမှာ ၇၄ သိန်း ၆ သောင်း ၁ ထောင် တိတိ ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်  ခရိုင်(ပြန်/ဆက်)