ကျိုင်းတုံမြို့၌ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်း အလေ့အကျင့်ဖြစ်စေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကျိုင်းတုံ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာခြင်း အလေ့အကျင့်ဖြစ်စေရန် ကြပ်မတ်စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး Mask တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေ ၂၀၀ ကျပ် ဒဏ်ရိုက်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံမြို့မ‌ဈေးရှေ့၌ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလအတွင်း မဖြစ်မနေအပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း အလေ့အကျင့်ဖြစ်စေရန် အသိပညာပေးဆွေးနွေး ပြောကြားခြင်းနှင့် အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပြီး နှခေါင်းစည်း တပ်ဆင်လာခြင်း မရှိသူများအား  ဒဏ်ကြေးငွေ ၁၅၀ ကျပ်၊ နှစ်ခေါင်းစည်းတန်ဖိုးငွေ ၅၀ ကျပ်၊ စုစုပေါင်းငွေ ၂၀၀ ကျပ် ဒဏ်ရိုက်ခြင်းနှင့် နှာခေါင်းစည်းတစ်ခုကို စနစ်တကျချက်ချင်း တပ်ဆင်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ကာလအတွင်း နှာခေါင်းစည်းများတပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာလာသူ များအား ဒဏ်ငွေ ၂၀၀ ကျပ် ဒဏ်ရိုက်ဆောင်ရွက်ခြင်းကို  အောက်တိုဘာလ ၁၂ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ကျိုင်းတုံမြို့ လူစည်ကားရာ နေရာများတွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)