မြင်းခြံဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေရသူ (၁၃၀) ဦး လွတ်ငြိမ်းခွင့်ရရှိ

မြင်းခြံ ဩဂုတ် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၇၇၄၉ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ် အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အကျဉ်းဦးစီးဌာန၊ မြင်းခြံဗဟို အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများမှ အကျဉ်းသား (၁၀၉) ဦးနှင့် အကျဉ်းသူ (၂၁) ဦး စုစုပေါင်း (၁၃၀) ဦးကို ယနေ့ နေ့လည် (၂:၁၅) နာရီ အချိန်က လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကား ပြောကြားပြီး မြင်းခြံခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ထွန်းမြက ဩဝါဒစကားများ ပြောကြားခဲ့ သည်။ ထို့နောက် မြင်းခြံဗဟိုအကျဉ်းထောင်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုက ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁) နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် တာဝန်ရှိ သူများက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသားများအား ထောင်လွတ်လက်မှတ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်နှင့် အသိပညာပေးလက်ကမ်း စာစောင်များ၊ လွတ်လူစားစရိတ်နှင့် ခရီးစရိတ်များ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ ဒုတိယရဲမှူးကြီး ထွန်းမြ၊ မြင်းခြံဗဟိုအကျဉ်းထောင်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုနှင့် ပြစ်မှု ဆိုင်ရာပိတ်သိမ်းမှုကြောင့် လွတ်မြောက်သွားသော အကျဉ်းသားများ တက်ရောက်ခဲ့ကြသည်။

ကျော်စွာ(ပြန်/ ဆက်)