ကျိုက်ထိုမြို့နယ်တွင် အကျဉ်းစခန်း(၃)ခု မှအကျဉ်းသား/သူ (၁၀၆)ဦး လွတ်ငြိမ်းခွင့်ပြု

ကျိုက်ထို   ဩဂုတ်  ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သော ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ကျိုက်ထိုမြို့နယ် အကျဉ်းစခန်း(၃)ခုတို့မှ အကျဉ်းသား/သူ(၁၀၆)ဦးအား ဩဂုတ်(၁)ရက် နေ့လယ်ပိုင်းက လွတ်ပေးခဲ့သည်။

ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် မုပ္ပလင်အမျိုးသားကုန်ထုတ်စခန်းအကျဉ်းထောင်မှ အကျဉ်းသား/သူ(၂၉)ဦး၊ မုပ္ပလင်အမျိုးသမီး ကုန်ထုတ်စခန်းအကျဉ်းထောင်မှ အကျဉ်းသား/သူ(၃၉)ဦး၊ အင်္ဂဘိုရာဘာစိုက်ပျိုးရေးစခန်း(ရွှေဖြူ)အကျဉ်းထောင်မှ အကျဉ်းသား/သူ (၃၈)ဦး စုစုပေါင်းအကျဉ်းသား/သူ(၁၀၆)ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်များဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့်လွတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ (၁၀၆)ဦးတို့အား အကျဉ်းထောင် တာဝန်ခံအရာရှိ နှင့် တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များပေး၍ လွတ်ပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ ဆက်)