မိုးညှင်း ဩဂုတ် ၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား (၃၀)ဦးအား ဩဂုတ် (၁)ရက် ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် မွန်းတည့်(၁၂)နာရီက မိုးညှင်းဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသားများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၅၁/၂၀၂၃)အရ ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုး၊ အဖွဲ့ဝင် ခရိုင်လ.ဝ.ကမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးနှင့် မိုးညှင်းဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးသန့်ဇင်ဝင်းနှင့် တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးသည့် ရည်ရွယ်ချက်များနှင့် မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး အေးချမ်းစွာ ဆက်လက်နေထိုင်ကြစေရေး စသည်တို့ကို ဆုံးမဩဝါဒစကားများ အသီးသီးပြောကြားခဲ့ကြသည်။
ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အကျဉ်းသား (၃၀)ဦးအား ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ ခံဝန်လက်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်ပေးအပ်ခြင်း၊ မိုးညှင်းဗဟိုအကျဉ်းထောင်မှ ခရီးစရိတ်၊ စားစရိတ်များ ပေးအပ်ခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁၀၀၀၀)နှုန်းစီဖြင့်လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တစ်ဦးလျှင် ငွေကျပ်(၅၀၀၀)နှုန်းဖြင့်လည်းကောင်း တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ ပေးအပ်ပြီးနောက် မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း (ပြန်/ ဆက်)