ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၅)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (၁၅၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲမင်္ဂလာ အခမ်းအနား ကျင်းပ

ဥတ္တရသီရိ  ဩဂုတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၅)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် (၁၅၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင် ဂေါပကအဖွဲ့ဝင်များက လိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓပဋိမာရုပ်ပွားဆင်းတုတော်များနှင့် စေတီတော်အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင်းပြည့်ဘုရားကြီးအား ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပြီး ရုပ်ပွားဆင်းတုတော်များအား မြသပိတ်တော်ဖြင့် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်ရေတော်များ ဆက်ကပ်ပူဇော်ခဲ့သည်။

ဆက်လက်၍ စေတီတော်ရင်ပြင် ဓမ္မာရုံအတွင်း၌ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကျင်းပရာ ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပေါင်းတို့နှင့် ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ လယ်ဝေးမြို့ အင်းသာ အရှေ့ကျောင်းတိုက် ပဓာနနာယကအဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဆရာတော်ဘဒ္ဒန္တပဏ္ဍိတထံမှ ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြစံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့် ဂေါပကအဖွဲ့ဝင်များက  ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး အင်းသာအရှေ့ကျောင်းတိုက်၊ ပဓာနနာယကအဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဆရာတော်ဘဒ္ဒန္တပဏ္ဍိတထံမှ အနုမောဒနာ တရားနာယူကာ ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားမှူးက  နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပေးပြီး ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပေါင်းတို့နှင့် ဧည့်ပရိသတ်များက “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ပဋ္ဌာန်းသိမ်း အောင်ပွဲမင်္ဂလာ အခမ်းအနား ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ ဆက်)