မန့်ဟီးရိုး ဩဂုတ် ၁
ဇူလိုင်လကုန်ပိုင်း၊ ရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် မြို့ဘေးမှ ဖြတ်သန်းစီးဆင်းသွားသော ရွှေလီမြစ်ရေသည် ယခုရက်ပိုင်းအတွင်း မြစ်ရေလျှံကာ မြို့အတွင်းသို့ မြစ်အတွင်းမှ ခွဲထွက်မြောင်းများမှ တဆင့် မြို့မြေနိမ့်ပိုင်းများ၌ မြစ်ရေများ ဝင်ရောက်လျက်ရှိပါသည်။
မန့်ဟီးရိုးမြို့သည် ဇွန်၊ ဇူလိုင်လတို့တွင် မိုးရာသီစပါးများ စိုက်ပျိုးပြီးစီးပြီး ရာသီတိုသီးနှံများဖြစ်သော ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးသောကာလဖြစ်၍ ယခုကဲ့သို့ ရွှေလီမြစ်ရေ အဆမတန် တိုးလာပြီး မြစ်ရေများ မြို့အတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် သီးနှံစိုက်ခင်းများအထိ ရေများ ဝင်ရောက်လာနိုင်လျှင် သီးနှံများပျက်စီးနိုင်ကြောင်း တွေ့ရှိရပါသည်။ ရွှေလီမြစ်ရေများ ပိုမို မဝင်ရောက်လာနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ စုပေါင်း၍ မြစ်ရေ ဝင်ရောက်လာသော မြောင်းငယ်များကို မြေသားဘောင်များ တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး ဒေသခံတိုင်းရင်းသားတောင်သူများအနေဖြင့်လည်း မိမိတို့၏ သီးနှံစိုက်ခင်းများအတွင်း ရေမဝင်ရောက်စေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မန့်ဟီးရိုးမြို့၏ မြေနိမ့်ပိုင်း ဌာနဆိုင်ရာရုံးများအတွင်းသို့ စတင် ရေဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိရ ပါသည်။
“(၄)နှစ်၊ (၅)နှစ် တစ်ခါလောက်တော့ ခုလို မြစ်ရေတက်ပြီး မြို့ထဲထိတော့ ရေဝင်တယ်။ ခုလို မြစ် ရေတက်မလာတာကြာပြီ (၄)နှစ်လောက် ရှီပြီ။ဒီနှစ်က မိုးဦး၊ မိုးလယ်မှာ မိုးကောင်းတော့ ရွှေလီမြစ်ရေလည်း တအားတက်လာတာပေါ့။ ခုရာသီမှာစိုက်ထားတဲ့ သီးနှံစိုက်ခင်းတွေထဲအထိ မြစ်ရေဝင်မှာတော့ စိတ်ပူတယ်” လို့ မန့်ဟီးရိုးမြို့ ဒေသခံတိုင်းရင်းသား တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
မန့်ဟီးရိုး(ပြန်/ဆက်)