နမ့်စန်(တ) ဩဂုတ် ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) မြို့နယ်လုံးကျွတ် စုပေါင်း ဆွမ်းစုပေါင်းလောင်းလှူပွဲကြီးကို ယနေ့နံနက် ၆ နာရီက အမှတ် (၄)ရပ်ကွက် တံတားဖြူမှတဆင့် မြို့တွင်းပြည်ထောင်စု လမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းသို့ လောင်းလှူရာတွင် ဗုဒ္ဓရုပ်ပွားတော်အား ရှေ့ဆုံးမှ ပင့်ဆောင်၍ မြို့နယ်သံဃာ့နာယကအဖွဲ့မှ ဆရာတော်များက ဦးဆောင်ကာ မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၂၃)တိုက်မှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများနှင့် မယ်သီလရင်များ၊ စုစုပေါင်း အပါး (၃၀၀) ကျော်က အမှတ်(၄)ရပ်ကွက် တံတားဖြူအနီးမှ စတင်၍ အမှတ်(၂)ရပ်ကွက် နာရီစင်ရှေ့ထိ ပြည်ထောင်စုလမ်းမကြီးတလျှောက် ကြွရောက်တော်မူခဲ့ကြပြီး ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့သူမြို့သားများ၊ ဈေးသူဈေးသားများနှင့် စေတနာရှင် အလှူရှင်များက ဆွမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းမျိုးစုံတို့ကို မြို့လုံးကျွတ်စည်ကားသိုက်မြိုက်စွာ စုပေါင်းလောင်းလှူခဲ့ကြသည်။
မြို့နယ်လုံးကျွတ် ဆွမ်းလောင်းလှူပူဇော်ပွဲတွင် ဆရာတော်အရှင်သူမြတ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း၍ အေးချမ်းစွာအလှူခံကြွနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကုသိုလ်ပြု ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)