ပြင်ဦးလွင် ဩဂုတ် ၁
စာပေချစ်မြတ်နိုးသူများ စာဖတ်ခြင်းမှရရှိသော အတွေးအမြင်ဗဟုသုတများ ဖလှယ်နိုင်ရန်နှင့် လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀နာရီက '' အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာဖတ်ဝိုင်းကျင်းပရသည့်ရည်ရွယ်ချက်များ အား ရှင်းလင်းပြောကြားပြီး စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် ''အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ'' စာအုပ်ပါအကြောင်းအရာများကို စာရေးဆရာ ကိုရွှေအောင်သင်း၊ ဒေါက်တာမိမိရွှေဇင်၊ ဆရာမ ကေမီ (ပြင်ဦးလွင်)၊ ဧရာဝတီမေမေ၊ ဦးအောင်ဇော်မိုး၊ ဦးရန်နိုင်မောင်မောင်တို့က ဖတ်ကြားဆွေးနွေးသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများမှ ရရှိခဲ့သော မိမိတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေ ဆွေးနွေးကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာပေမြတ်နိုးသူများအသင်းဝင်များ၊ လူငယ်စာပေမြတ်နိုးသူများနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) မှ ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် စာဖတ်ဝိုင်းအား ရုပ်သိမ်းခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံး အနေဖြင့် လူငယ်လူရွယ်များ စာဖတ်စွမ်းရည်မြင့်မားစေရေး၊ လူငယ်များ စာအုပ်စာပေနှင့် ထိတွေ့ခြင်းဖြင့် စာပေဆိုင်ရာအသိအမြင်များ တိုးပွါးရရှိစေရေးတို့အတွက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) များ ဖွဲ့စည်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ပြုလုပ် ကျင်းပလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ ဆက်)