သထုံ ဩဂုတ် ၁
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်ငယ်များအသွားအလာ ခက်ခဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျိုက္ကော်ရပ်ကွက်ရှိ ကျိုက္ကော်ချောင်းရေလျှံပြီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၈/၆ နှင့် ၁၃၈/၇ကြား၊ အလျား ၁၀၀ ပေခန့်တွင် အဝေးပြေးကားလမ်းမကြီးပေါ်သို့ ရေအမြင့်(၁)ပေခန့်နှင့် မိုင်တိုင်အမှတ် ၁၃၈/၇နှင့် ၁၃၉/၀ ကြား၊ အလျားပေ ၃၀၀ ခန့်တွင် ရေအမြင့်(၁၀)လက်မခန့် ရေကျော်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ ကားလမ်းရေကျော်မှုကြောင့် မော်တော်ယာဉ်ကြီးများ ပုံမှန်သွားလာလျက်ရှိပြီး ယာဉ်ငယ်များသွားလာနိုင်ရေး လမ်းလွှဲပြုလုပ်ကာ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်းကာ အချိန်နှင့်တပြေးညီကြပ်မတ်ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်