စစ်တွေ ဩဂုတ် ၁
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်၌ကျင်းပမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်မှ ကြွရောက်ချီးမြှင့်ကြမည့် ဆရာတော်ကြီးများအား စစ်တွေလေဆိပ်သို့ ပို့ဆောင်ပူဇော်ကြပြီး အိန္ဒိယနိုင်ငံမှထောက်ပံ့မည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ လိုအပ်မှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိ မြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီး၍ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်မှ ကြွရောက်ချီးမြှင့်ကြမည့် ဆရာတော်ကြီးများအား စစ်တွေလေဆိပ်သို့ ပို့ဆောင်ပူဇော်ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်ဧည့်ခန်းမ၌ ကြွရောက်ချီးမြှင့်ကြမည့် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အိန္ဒိယနိုင်ငံမှ ထောက်ပံ့မည့် တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများလိုအပ်မှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စည်းစည်း လုံးလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်မှာ နှစ်လတာကာလကို အောင်မြင်စွာ ပြည့်မြောက်ခဲ့ပြီး သုံးလမြောက်ကာလကို ဆက်လက်အောင်မြင်စွာ ဖြတ်သန်းနေပြီဖြစ်ကြောင်း၊ ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်အသီးသီးတွင် ယခင်ထက်သာလွန်ကောင်းမွန်အောင် ဆိုသည့်ရည်မှန်းချက်ကို ဦးတည်ပြီးဆောင်ရွက်နေခြင်းဖြစ်ပပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူများ၊ နှီးနွယ်သည့် ဌာနဆိုင်ရာများကိုလည်း မှတ်တမ်းတင်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပစ္စည်းများလက်ခံဖြန့်ဖြူးရေးလုပ်ငန်းများ၌ စာရင်းဇယား၊ မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျ ဆောင်ရွက်ထားကြစေလိုကြောင်း၊ ငွေကြေးနှင့်ပတ်သက်၍ သုံးစွဲရာတွင်လည်း စနစ်တကျသုံးစွဲကြစေလိုကြောင်း၊ ကြိုတင်ငွေများသုံးစွဲနိုင်ရန်အတွက် သုံးစွဲနည်းများကိုလည်း ညွှန်ကြားထားပါကြောင်း၊ လိုအပ်သည့်အခက်အခဲများကိုလည်း တင်ပြပေးကြစေလိုကြောင်း၊ ပြန်လည်ထူထောင်ရေးကာလတွင် တည်ဆောက်ရေးလုပ်ငန်းများ၊ ရိက္ခာဖြန့်ဖြူးရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပါ စနစ်တကျဆောင်ရွက် ကြရန်လိုကြောင်း၊ အဓိကအားဖြင့် အိန္ဒိယနိုင်ငံမှ ထောက်ပံ့မည့်ကိစ္စ ဖြစ်ကြောင်း၊ အထောက်အပံ့များကိုရယူရာတွင်လည်း ကိန်းကဏန်းအချက်အလက်မှန်ကန်စွာဖြင့် စနစ်တကျတင်ပြ ဆောင်ရွက်ကြစေလိုကြောင်း၊ မြေပြင်တွင်အမှန်တကယ်လိုအပ်ချက်ရှိသော ဒေသခံပြည်သူများ၏ လိုအပ်ချက်ကို ပြည်သူများနှင့်ထိတွေ့၍ တိကျမှန်ကန်ပြီး သေချာသည့်အချက်အလက်များကို ပေးပို့ကြစေလိုကြောင်း၊ ထိုကိန်းကဏန်းများအပေါ်တွင် အခြေခံပြီးလိုအပ်သည်များကို တွက်ချက်၍ တင်ပြတောင်းခံရမည်ဖြစ်ကြောင်းနှင့် ဦးစားပေးအလိုက် လိုအပ်ချက်များကို တွက်ချက်မှုများနှင့် တင်ပြရမည်ဖြစ်သည့်အတွက် မူလအခြေခံစာရင်းဇယားများအပေါ်တွင်အခြေခံ၍ စနစ်တကျ တင်ပြ ဆွေးနွေးပေးကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် Video Conference စနစ်ဖြင့်တက်ရောက်ကြသည့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သည် အဆောက်အဦများ ပြုပြင်ပြီးစီးမှု၊ ပြုပြင်နေမှုနှင့် ထောက်ပံ့ကူညီမှုများ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည်၊ ပြည်နယ်ဝန်ကြီးများ၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ အဆိုပါအစည်းအဝေးခန်းမ၌ သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်ပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ ဆက်)