မိုးကောင်းမြို့၌ အခြေခံပညာကျောင်းများ မြို့နယ်အဆင့်သင်ထောက်ကူပြိုင်ပွဲကျင်းပ

မိုးကောင်း      ဩဂုတ်  ၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံပညာကျောင်းများ မြို့နယ်အဆင့် သင်ထောက် ကူပြိုင်ပွဲကို အထက-နောင်ကိုင်တော်ကျောင်း၌ ဇူလိုင်လ(၃၁)ရက် နေ့လယ်(၁၁)နာရီ တွင်ကျင်းပသည်။

သင်ခန်းစာသင်ကြားသင်ယူရာတွင် ရှင်းလင်းလွယ်ကူစွာ နားလည်၍ ကျယ်ပြန့်သော ဗဟုသုတ ရရှိပြီး သင်ယူသူများ၏စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုနှင့် သင်ယူမှုကိုလှုံ့ဆော်စေရန် ရည်ရွယ်၍ပြိုင်ပွဲ ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် သင်ထောက်ကူကားချပ်(၃၅)ချပ်ဖြင့် အခြေခံပညာထက်၊ လယ်၊ မူ (၁၅)ကျောင်း တို့မှ ရုပ်ဂုဏ်သတ္တိနှင့်ရုပ်ပြောင်းလဲခြင်း၊ သက်ရှိများ၏လုပ် ငန်းစဉ်များ၊ ကချင်ပြည်နယ်အကြောင်း မိတ်ဆက်မယ်၊ ရေသံသရာလည်ခြင်း၊ My School ၊ ဖား၏ဘဝစက်ဝန်းပုံအဆင့်ဆင့်၊ School Greening Day ၊ Road Signs ၊ Sources Energy and Environmental Impacts ၊ ဂျိန်းဖောပွဲတော်၊ Renewable Energy Sources၊ လူ၏နှလုံး၊ လေထုညစ်ညမ်းမှုဖြစ်စေသည့်အကြောင်း၊ လူနေထိုင်မှု စသည့်ဘာသာရပ်ဆိုင်ရာ ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို သင်ခန်းစာခေါင်းစဉ်နှင့်ကိုက်ညီမှု၊ သင်ခန်းစာ၏ ရည်ရွယ်ချက်ကိုထိမိစွာ ပေါက်ရောက်စေမှု၊ သင်ခန်းစာပါအချက်အလက် အကြောင်း အရာများကို ပေါ်လွင်စွာဖော်ပြနိုင်မှု၊ သင်ခန်းစာအချင်းချင်း၊ ဘာသာရပ်အချင်းချင်း ဆက်နွယ်အသုံးပြုနိုင်မှု၊ ကုန်ကျစရိတ်သက်သာပြီး ကျောင်းသားကျောင်းသူများ လွယ်ကူရှင်းလင်စွာအသုံးပြုနိုင်မှု စသည့်အချက်များရှိမရှိအမှတ်ပေး စည်မျဉ်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)