ကျိုင်းတုံ ဩဂုတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သက်ကြီးရွယ်အို အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၃) ဦးဝင်းကျော်သူ က အမှာစကား ပြောကြားပြီး ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်နှင့် မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်မိုမိုဝင်းတို့က သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် အသက် အရွယ်ခွဲခြားမှုမရှိပဲ စွမ်းဆောင်နိုင်မှုအပေါ်မူတည်၍ ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်များဆက်လက်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးနိုင်ရေး၊ လူ့ဂုဏ် သိက္ခာနှင့်ပြည့်စုံသော သက်ကြီးရွယ်အိုများပါဝင်နိုင်မည့် လူ့အသိုင်းအဝိုင်း ကိုဖော်ဆောင်ပြီး တက်ကြွပြီးစွမ်းဆောင်နိုင်သော သက်ကြီးရွယ်အို ဘဝခံစားရရှိစေရေး၊ သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များနှင့် ဆွေးနွေးပွဲ တက်ရောက်လာကြသူများ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ကာကွယ်ရေးနှင့်သက်ကြီးရွယ်အိုများအား ကြည့်ရှုစောင့်ရှောက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရေး၊ သက်ကြီးရွယ်အိုများ ပုံမှန်ဝင်ငွေရရှိရေး ရည်ရွယ်၍ နိုင်ငံတော်မှလူမှုရေးပင်စင် ထောက်ပံ့ ဆောင်ရွက်နေမှု အခြေအနေများ၊ သက်ကြီးရွယ်အိုများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများဖော်ဆောင် ပေးနိုင်ရေး၊ သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာ နည်းဥပဒေများအကြောင်း၊ ဘိုးဘွားများ၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)