မူဆယ် ဩဂုတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၁-၂၂ (၆)လချုပ်နှင့် ၂၀၂၂-၂၃ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က မူဆယ်မြို့၊ အိမ်တွင်းမှုကျောင်းခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ အစည်းအဝေးအခမ်းအနားတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက သမဝါယမအသင်းလီမီတက် ပိုမိုတိုးတက်စေရေးကို အဖက်ဖက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တက်ရောက်လာသော ဝန်ထမ်းပေါင်းစုံတို့အား ငွေစုငွေချေးငွေများကို အကျိုးရှိရှိအသုံးချကြရန် အဖွင့်အမှာစကားနေဖြင့် ပြောကြားခဲ့ပါသည်။ ယင်းနောက် မူဆယ်မြို့နယ်သမဝါယမအသင်းစု၊ ဥက္ကဋ္ဌ ဦးအောင်သူထိုက်က ဌာန/ အဖွဲ့အစည်းအလိုက် အသင်းသားပါဝင်မှုအခြေအနေစာရင်းများ၊ ဘဏ္ဍာနှစ် အလိုက်အသင်းသားဦးရေ တိုးတက်ပြောင်းလဲလာပုံ၊ချေးငွေအပေါ် ပေး/ယူသည့် အတိုးနှုန်းသတ်မှတ်ချက်များ၊ သမဝါယမအသင်းကြီးအနေဖြင့် ဘဏ္ဍာနှစ်အလိုက် ချေးငွေထုတ်ပေးနိုင်မှု အခြေအနေများ၊ ဆေးရုံနှင့် စာသင်ကျောင်းများတွင် လှူဒါန်းမှု မှတ်တမ်းများ၊တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးဖြင့် အောင်မြင်မှုအပေါ် ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့မှုမှတ်တမ်းများ၊ အသင်းသားများအား ဌာနဆိုင်ရာသင်တန်း၊ ဆေးကုသ စရိတ်၊နာရေး ကူညီထောက်ပံ့ပေးမှုအခြေအနေများအပြင် သမဝါယမအသင်းကြီး၏ရည်ရွယ်ချက်နှင့် အသင်း ၏လုပ်ငန်းဆောင်ရွက်ချက်များကို ပြည့်ပြည့်စုံစုံ အကျယ်တဝင့် Power Pointဖြင့် ရှင်းလင်းတင်ပြခဲ့ပါ သည်။ဆက်လက်ပြီး တက်ရောက်လာသော ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၂-၂၃ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော အသင်းသားများ၏သားသမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြပြီး သမဝါယမအသင်းမှ မူလတန်းကျောင်းများအား စာရေးခုံများနှင့် အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းသို့ လိုအပ်သည့်လှူဒါန်းပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် မူဆယ်မြို့နယ်သမဝါယမဦးစီးဌာန၊ဦးစီးအရာရှိ ဦးမိုင်းနိုင်တင်ဦးနှင့် မြို့နယ်သမဝါယမအသင်းစု၊ဥက္ကဌ ဦးစိုင်းစောဝ်တို့က အသင်းလုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်အမှာ စကား အသီးသီးပြောကြားခဲ့ပါသည်။ ဆက်လက်၍လည်း ၂၀၂၁-၂၂(၆)လချုပ်နှင့် ၂၀၂၂-၂၃ဘဏ္ဍာနှစ်အတွက် အမှုဆောင်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့ပြီး ဘဏ္ဍာရေးရှင်းတမ်းနှင့်အသင်းသားစာရင်းစစ် အစီရင်ခံစာများကို အသင်း၏သက်ဆိုင်ရာတာဝန်ခံများက ဖတ်ကြားတင်ပြခဲ့ပါသည်။ အဆိုပါ ဖတ်ကြားတင်သွင်း သော အမှုဆောင်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့်အသင်းသားစာရင်းစစ် အစီရင်ခံစာများအပေါ် အသင်း သားများ၏ ဆန္ဒရယူကာ အတည်ပြုကြေညာခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသည့် အသင်းသားများအတွက် ငွေသားကံစမ်းမဲအစီအစဉ်များ မဲဖောက်စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ ဆက်)