မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်းအခမ်းအနားသို့ တက်ရောက်ကြမည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း

တာမွေ      ဇူလိုင်      ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာနေ့) ၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့တွင် နိုင်ငံတော်အဆင့်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါအခမ်းအနားသို့တက်ရောက်ရန် ရန်ကုန်တိုင်းဒေသကြီးမှ ကြွရောက်ကြမည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများတိုင်းဒေသကြီးသံဃနာယကအဖွဲ့(ဂိုဏ်းစုံ)နှင့် မြို့နယ်သံဃနာယကအဖွဲ့(ဂိုဏ်းစုံ)တို့မှ ဆရာတော်/ သံဃာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၅)နာရီအချိန်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်းနှင့် ကြားတောရလမ်းထောင့်ရှိ တိုင်းသံဃနာယကအဖွဲ့ရုံး (ရန်ကုန်တိုင်း)၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဦးဇော်ဦးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ သည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများတိုင်းဒေသကြီးသံဃနာယကအဖွဲ့(ဂိုဏ်းစုံ)နှင့် မြို့နယ်သံဃနာယကအဖွဲ့(ဂိုဏ်းစုံ)တို့မှ ဆရာတော်/ သံဃာတော်ကြီးများ စုစုပေါင်းအပါး(၁၃၆)ပါးတို့အား အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သတ်မှတ်ထားသော ခရီးသွားမော်တော်ယာဉ်များဖြင့်  ရန်ကုန်မြို့မှ နေပြည်တော်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)