ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစည်းအဝေးပြုလုပ်

ဘီးလင်း ဇူလိုင် ၃၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးစည်သူအောင်က သဘာဝဘေးမဖြစ်ပွားမီ၊ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ သဘာဝဘေးဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်းကသဘာဝဘေးမဖြစ်မီ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအလိုက်ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်းထားရေး၊ ကယ်ဆယ်ရေးစခန်းနေရာများကြိုတင်စီမံထားရှိရေး ဆောင်ရွက်ထားကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ကော်မတီဝင်များက ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်မည့်အစီအစဥ်များနှင့်လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာတာဝန်ရှိသူ အသီးသီးတို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဘီးလင်းမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတွင် ပါဝင်သည့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ တက်​ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)