ကျိုက်ထို ဇူလိုင် ၃၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဇူလိုင်(၂၈)ရက်မှ (၃၁)ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ကဒတ်ချောင်းရေလျှံမှုဖြစ်ပွားပြီး ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ ဇေယျာမွန်တိုးချဲ့ကွက်သစ်ရှိ မြေနိမ့်ပိုင်း နေအိမ်များသို့ ရေများ၀င်ရောက်ခဲ့သည်။
နေအိမ်များသို့ ရေများဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု(၅၄)စု၊ ကျား(၁၀၅)ဦး၊ မ(၁၂၂)ဦး၊ ပေါင်း(၂၂၇)ဦးတို့အား ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ အ.ထ.က(ခွဲ)(ဇေယျာမွန်)ကျောင်းသို့ ယနေ့နံနက်(၇)နာရီမှစတင်ကာ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည့် အိမ်ထောင်စုဝင်များအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ခေါက်ဆွဲခြောက် (၁)ဖာလျှင် အထုပ်(၃၀)ပါ (၇)ဖာ၊ ရေသန့်(၁)လီတာကဒ် (၅၀)ကဒ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများ၏ နေ့လယ်စာအား ဘဲလေးထမင်းဆိုင်နှင့် ခိုင်ခိုင်ကျော်ထမင်းဆိုင်တို့မှ ကျွေးမွေးမည်ဖြစ်ပြီး ညနေစာအား ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းမှ ကျွေးမွေးသွားမည်ဖြစ်ပါကြောင်းနှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်များအား ကျန်းမာရေးဌာနမှပူးပေါင်းဆောင်ရွက်လျက်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်သည့်နေရာသို့ ကျိုက်ထိုတပ်နယ်မှ ဗိုလ်မှူးရဲရင့်မင်းနှင့်တပ်မတော်သားများ၊ ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဆန်းနိုင်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးရဲညွန့်ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဇေယျာမွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ပြောင်းရွှေ့ပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် လူ/တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
ကျိုက်ထိုပြန်/ဆက်