လားရှိုး ဇူလိုင် ၃၁
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေနကဇာတင်နှင့် ဗုဒ္ဓပူဇနိယပွဲတော် မဟာအခမ်းအနားသို့ ကြွရောက်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ဆရာတော်ကြီးများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ ရွှေလီရိပ်သာခန်းမတွင် ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများက ငါးပါးသီလဆောက်တည်ကာ တိုင်းမှူးနှင့်တာဝန်ရှိသူတို့က ဆရာတော်သို့ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေနကဇာတင် နှင့် ဗုဒ္ဓပူဇနိယပွဲတော် မဟာ အခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ဆရာတော်(၁၁)ပါး ယနေ့နေ့လယ်တွင် လေကြောင်း ခရီးဖြင့် နေပြည်တော်သို့ ကြွချီမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)