ပြင်ဦးလွင် ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၁) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များ၊ ရှေးဦးစွာ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ သီလတရားနာယူခြင်း၊ မေတ္တသုတ်တရားတော် အစရှိသော ပရိတ်တရားတော်များနာယူကြသည်။
ထို့နောက် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား ဗုဒ္ဓရုပ်ပွဦးတော် ဆင်းတုတော်ကြီးအား ဆက်ကပ်ပူဇော်မည့် ဝါဆိုသင်္ကန်းတော်ကြီးအား စတုဘုမ္မိက မဂ္ဂင်ရိပ်သာ ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဇယဆရာတော် အရှင်သူမြတ်ထံသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး ဂေါပကတို့က ဆက်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်တော်မူလာကြသည့် ဩဝါဒါစရိယ ဆရာတော် အရှင်သူ မြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ပြင်ဦးလွင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဇနီး၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်ဇနီး၊ မဟာအံ့ထူးကံသာဆုတောင်းပြည့် ဘုရားကြီး ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
၎င်းနောက် ဩဝါဒါစရိယဆရာတော်များထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားအပြီးတွင် ဩဝါဒါစရိယ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား မဟာဇေယျသိဒ္ဓိသာသနာ့ ဗိမာန်တော် ပထမထပ် တွင် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)