လားရှိုးမြို့၊ မြို့လယ်ကျောင်းတိုက်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်  

လားရှိုး ဇူလိုင် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့လယ်ကျောင်းတိုက်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့  နံနက်(၉)နာရီအချိန်က မြို့လယ်ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပသည်။ 

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် မိသားစုများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ငါးပါးသီလဆောက်တည်ကာ မြို့လယ်ကျောင်းတိုက်အတွက် အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော မြို့လယ်ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ် (၄၂)ပါးတို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူကာ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)