သီပေါ ဇူလိုင် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်း အဝေးကို တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်း လိုအပ်ချက်များကို ကဏ္ဍအလိုက်အသီးသီးပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်စသည်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုးထွန်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် ဝိုင်းဝန်း ကုသိုလ်ပါဝင်လှူဒါန်းသွားကြရန်၊ မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ ရေစီး ရေလာကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အလေးထားဆောင်ရွက် သွားကြရန်စသည်တို့ကိုလည်းကောင်း၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများက ၎င်းတို့တာဝန်ကျ ကျေးရွာများတွင် လိုအပ်လျက်ရှိသော ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဌာနဆိုင်ရာများနှင့် လစဉ် (၁၅) ရက်နေ့တွင်တစ်ကြိမ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းနှင့်တစ်ကြိမ်၊ တစ်လလျှင်(၂)ကြိမ်၊ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)