မြောက်ဦး ဇူလိုင် ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့မဈေးကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခြင်ဆေးမှုတ်လုပ်ငန်းဆောင်ရွက်ခြင်းကို မြောက်ဦးမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြောက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မောင်အေး နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မဈေးဥက္ကဋ္ဌနှင့် ဈေးတာဝန်ခံများပူးပေါင်း၍ ဈေးအတွင်းရှိ ရေမြောင်းများ၊ ပိုးလောက်လန်းပေါက်ပွားနိုင်သော ရေလှောင်ကန်များနှင့် ခြင်ခိုအောင်းနိုင်သောနေရာများအားလုံးကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖြိုးမောင်မောင်