ဇမ္ဗူသီရိ ဇူလိုင် ၃၁
ဝါတွင်းကာလအတွင်း ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်သံဃာတော်များ စိတ်နှလုံး ချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက် ရည်ရွယ် ၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက်အတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ စခန်းသာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ စခန်းသာကျောင်းတိုက်၊ ပဓါနနာယကဆရာတော်၊ ဘဒ္ဒန္တပညာဇောတ ဆရာတော်ထံမှ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဆရာတော် သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်ကြီးတွင် သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း စိတ်နှလုံး ချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန် ကျောင်းတိုက်ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်စေရေးတို့အတွက် သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးတွင်းကာလတွင် ခြင်များ မပေါက်ပွား နိုင်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ကြည့်ရှုအားပေးကြခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)