လားရှိုး ဇူလိုင် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက် ပြည်နယ်နှင့်ခရိုင်ရုံးမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရပ်ကွက် (၁) ရှိ နှစ်ကျိပ် ရှစ်ဆူဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦး၊ ခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင် နှင့်ဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ငါးပါးသီလဆောက်တည်ကာ နှစ်ကျိပ်ရှစ်ဆူဘုန်းကြီးကျောင်းအတွက် ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နှစ်ကျိပ်ရှစ်ဆူဘုန်းတော်ကြီးကျောင်း အတွက် ဝါတွင်းကာလနှင့် သီတင်းကျွတ်အခါသမယများတွင် ကျောင်းတိုက်နေ သံဃာတော်များ ဆွမ်း၊ကွမ်း အဆင်ပြေစေရေးအတွက် ဆရာဒကာကျောင်းအဖြစ် လှူဖွယ်ပစ္စည်းများနှစ်စဉ် အမြဲ လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)