လားရှိုးလေဆိပ်အနီးပတ်ဝန်းကျင်ရှိ လေယာဉ်ကွင်းလမ်းတွင် လေယာဉ်ပျံသန်းမှုကိုကြည့်ရင်း အပန်းဖြေသူများလာ

လားရှိုး ဇူလိုင် ၃၁

လားရှိုးမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၏မြို့တော်ဖြစ်ပြီး တရုတ်နယ်စပ်ဒေသမြို့များနှင့် အနီးစပ် ကူးလူးဆက်သွယ်သွားလာနိုင်သည့် မြို့လည်းဖြစ်သည်။ နယ်စပ်မြို့များဖြစ်သည့် မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ လောက်ကိုင်၊ ချင်းရွှေဟော် စသည့် တရုတ်နိုင်ငံနှင့်ထိစပ် ဆက်သွယ်လျက်ရှိ သည့် မြို့များနှင့် အနီးစပ်ဆုံးတည်ရှိနေသည့် မြို့ဖြစ်သလို ခရီးသွားများသည်  ထိုမြို့များမှတဆင့် အခြားမြို့များသို့ လေကြောင်းခရီးဖြင့် ခရီးဆက်လိုပါက လားရှိုးမြို့တွင် လေယာဉ် လာရောက်စီးနင်း ကြရသည်။

လားရှိုးမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၂၈၀၆ ပေနှင့်အထက်တွင်တည်ရှိသော တောင်ပေါ် မြို့ကြီးတစ်မြို့ဖြစ်ပြီး စီးပွားရေးအနေဖြင့် ပြည်တွင်းနှင့်နယ်စပ်ဒေသတို့ ဆက်စပ်၍ လုပ်ကိုင် ဆောင်ရွက်မှုများသော မြို့တစ်မြို့ဖြစ်သည်။

ထိုသို့အချက်အခြာကျလှသောမြို့လေးရှိ လေဆိပ်အနီးသို့ ခရီးသွားများကြိုပို့ရင်းနှင့် လေယာဉ်ပျံသန်းမှုကို လာရောက်ကြည့်ရှုကြသူများဖြင့် လေယာဉ် ကွင်းအနီးရှိ လေယာဉ်ကွင်းလမ်းတွင် စည်ကားလျက် ရှိနေသည်ကိုတွေ့မြင်နိုင်သည်။

“လားရှိုးလေဆိပ်က လေယာဉ်ကွင်းလမ်းကပ်လျက်မှာတည်ရှိတာဆိုတော့ လေယာဉ်ဆင်းတာ၊ တက်တာကို အနီးကပ်မြင်နိုင်တယ်။ လေယာဉ်ကွင်း လေယာဉ်ပြေးလမ်းနဲ့ လမ်းမကြီးနဲ့က ခြံစည်းရိုးပဲ ခြားတာလေ။ လေယာဉ်ကွင်းဘေးက လေယာဉ်ကွင်းလမ်းမှာ ပြည်သူတွေအနားယူ အပန်းဖြေ နိုင်တဲ့ ပန်းခြံငယ်လေးရယ် အားကစားလေ့ကျင့်တဲ့နေရာလေးလည်းရှိတော့ အဲ့မှာ ညနေတိုင်းလူစည်ကားလေ့ ရှိတယ်။ လေယာဉ်ပျံသန်းချိန်ကို လာပြီးစောင့်ကြည့်ကြတဲ့ ဒေသခံတွေရှိသလို ဓါတ်ပုံလာရိုက်ကြသူ တွေလည်းရှိတာပေါ့။” ဟု လာရှိုးမြို့နေ ဒေသခံတစ်ဦးကပြောသည်။

လားရှိုးလေဆိပ်မှ တစ်ဆင့် ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ တောင်ကြီး (ဟဲဟိုးလေဆိပ်) များသို့ ပျံသန်းပြေးဆွဲသည့် လေကြောင်းလိုင်းများ ဆင်းသက်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)