လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်သို့ သွားရောက်လည်ပတ်လေ့လာနိုင်

လားရှိုး ဇူလိုင် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အဝင်ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်သို့ ဘုရားဖူးပြည်သူများ၊ ခရီးသွားဘုရားဖူးများဖြင့် လာရောက်လည်ပတ်ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။

ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်ကို နိုင်ငံတော်အကြီးအကဲတို့က လားရှိုးမြို့အဝင် ဝိဇယဘူမိမဟာအောင်မြေမင်္ဂလာကုန်းတော်ကိုရွေးချယ်၍ နိုင်ငံတစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူ တိုင်းရင်းသား ပြည်သူလူထုအပေါင်း ဘေးဘယာခပ်သိမ်းကင်းငြိမ်း၍ ရန်အပေါင်းကို အောင်မြင်နိုင်စိမ့်သောငှာ “ရန်တိုင်းအောင် ဆုတောင်းပြည့်မြို့ဦးစေတီတော်”  ဟူသော ဘွဲ့နာမ ဂုဏ်ထူးဆောင်၍ ရွှေတိဂုံပုံစံတူ လိုဏ်စနစ်ဖြင့် ဉာဏ်တော်အမြင့် (၁၃၅) ပေရှိသော စေတီတော် မြတ်ကြီးအား ကောဇာသက္ကရာဇ် ၁၃၆၇ ခု၊တပေါင်းလပြည့်ကျော် (၆)ရက်၊ခရစ်သက္ကရာဇ် ၂၀၀၆ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနား ကျင်းပကာတည်ထား ကိုးကွယ်ခဲ့သည်။

ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်အတွင်းတွင် ရွှေစင်ပတ္တမြားရုပ်ရှင်ဗုဒ္ဓရုပ်ပွားတော်၊ ရွှေစင်ပတ္တမြားစေတီတော်၊ ရွှေစင်နီလာစေတီတော်၊   ဗုဒ္ဓဝင်ဇာတ်ကြောင်း ရုပ်ကြွပန်းချီများ၊ စေတီတော် ပရဝုဏ်အတွင်းတွင် ကြေးသွန်းခေါင်းလောင်းတော်ကြီး၊ အဘယသုခသိမ်တော်၊ သုခမင်္ဂ လာဆင်းရွှေလီ သာသနာ့ဗိမာန်တော်၊မုဥ္စလိန္ဒာကန်၊သဘာဝကျောက်ဥယျာဉ်နှင့်ကျောက်ရေကန်၊ ရှင်ဥပဂုတ္တကျောင်း ပြဿဒ်တော်များအား လေ့လာဖူးမြော်နိုင်သလို ရန်တိုင်းအောင် ဘုရားဝန်း ပရဝုဏ်ရှိ ပြည်သူ့ဥယျာဉ်တွင်လည်း အနားယူအပန်းဖြေနိုင်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)