လှည်းကူး ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းကျေးရွာအုပ်စု၊ ဒရယ်ဘိုကျေးရွာ အနောက်ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဇူလိုင်လ(၂၉)ရက်နေ့က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုးထွန်းနိုင်နှင့်တာဝန်ရှိသူများကကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးရာတွင်လည်း အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများသည် ဒရယ်ဘိုကျေးရွာအနောက်ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ငွေကျပ်(၂၄၈.၀၈၃)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းအရှည်(၂၅၆၀) ပေ၊ အကျယ်(၁၂)ပေနှင့် (၇)လက်မထုဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြရာ တိုင်း၊ ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများမှလည်းလမ်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဥ်များကိုရှင်းလင်းတင်ပြခဲ့ကြပြီး အမြဲတမ်းအတွင်းဝန်မှ လမ်းလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့် လုပ်ငန်းများအချိန်မီပြီးစီးရေးတို့အား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
အေးအေးနွဲ့(ပြန်/ဆက်)