ဖားကန့် ဇူလိုင် ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ များနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက အခြေခံပညာ အထက်တန်းကျောင်း ဉရုရတနာခန်းမ၌ ကျင်းပသည်။
ပထမဦးစွာ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို အခြခံပညာ အထက်တန်းကျောင်းမှ Grade-9 ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကို ရည်တို့ လှမ်းချီးတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ ရှေ့တန်းအမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး စိုးဦးဟန်က အဖွင့်အမှာ စကား ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က ပညာရေးကဏ္ဍနှင့် ပတ်သက်၍ လိုအပ်ချက်များအား ပံ့ပိုးကူညီ ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးနွယ်က ပညာရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာ ရှေ့တန်းအမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး စိုးဦးဟန်၊ အမှတ်(၉)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီး ဝဏ္ဏဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာ ရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖားကန့် မြို့နယ်အတွင်း အောင်ချက်အကောင်းဆုံး အခြေခံပညာ အထက်တန်းကျောင်းများဖြစ်သည့် ဖားကန့်မြို့ (အ.ထ.က)၊ လုံးခင်(အ.ထ.က)၊ နန့်ယား(အ.ထ.က)၊ လဝါး(အ.ထ.က)၊ ဟောင်ပါး (အ.ထ.က)နှင့် ရှဒူးဇွပ် (အ.ထ.က) ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် လေးဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၄၃)ဦတို့အား ဂုဏ်ပြုဆုများကို အသီသီး ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ သုံးဘာသာဂုဏ်ထူးရှင် မမေရီဂွမ်ဂျာဆိုင်နွယ်က ကျေးဇူးတင်စကားပြော ကြားပြီး အခြေခံပညာ အထက်တန်းကျောင်းခွဲ လုံးခင်ရွာမကျောင်းမှ ကျောင်းသား/ကျောင်းသူများက တယောဖြင့် ပြည်မြန်မာသီချင်းအား တီခတ်သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် ဖားကန့်မြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-4 ကျောင်းသား၊ ကျောင်းသူများ က မင်္ဂလာပါသီချင်းဖြင့်လည်းကောင်း၊ Grade-3 ကျောင်းသား၊ ကျောင်းသူများက မမေ့နိုင်တဲ့မြေ သီချင်းတို့ဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေခဲ့ကြသည်။
ဖားကန့်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းတွင်း ဖြေဆိုသူ နှင့် ကျောင်းပြင်ပဖြေဆိုသူ စုစုပေါင်း (၇၀၄)ဦး ဖြေဆိုကြရာ (၅၀၀)ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာနှုန်း(၇၁.၀၂)ရာခိုင်နှုန်းရှိပြီး ပြည်နယ်အဆင့် အမှတ်အများဆုံး အတွဲ(၁) လေးဘာသာ ဂုဏ်ထူးရှင် အဆင့်(၄) တစ်ဦး၊ အတွဲ(၂) လေးဘာသာဂုဏ်ထူးရှင် အဆင့် (၈) တစ်ဦးနှင့် ဖားကန့် မြို့နယ်အနေဖြင့် ကချင်ပြည်နယ်တွင် အဆင့် (၁၁) ရရှိကြောင်း သိရသည်။
ယခင်ဖားကန့်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စုစုပေါင်း(၃၆၄)ဦး ဖြေဆိုရာ(၁၁၃)ဦးရှိပြီး အောင်ချက်ရာနှုန်း (၃၁.၀၄) ရာခိုင်နှုန်းရရှိကာ သုံးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၃၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၇၂)ဦးရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)