မင်းပြားမြို့မစျေး၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်

မင်းပြား ဇူလိုင် ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုးရာသီတွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် မင်းပြားမြို့မစျေး၌ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဇူလိုင်၃၀ ရက်က ကွင်းဆင်း ဆောင်ရွက်ခဲ့​သည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ ကြီးကြပ်မှုဖြင့် မင်းပြားမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးခင်မောင်ဌေး၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့မစျေးဥက္ကဋ္ဌနှင့် စျေးတာဝန်ခံများ၊ စျေးသူစျေးသားများ ပူးပေါင်း၍ စျေးသည်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ် ပွားစေရန် မြို့မစျေးရှိ ရေမြောင်းများ၊ ပိုးလောက်လန်းပေါက်ပွားစေနိုင်သော ရေလှောင်ကန်များ၊ ရေတင်နိုင်သည့် ဗူးခွံ၊ ပုလင်းခွံနှင့် အမှိုက်သရိုက်များ၊ ခြင်များ ပုန်းခိုနိုင်သည့် နေရာများတွင် သွေးလွန်တုပ်ကွေး ဖြစ်စေနိုင်သည့် ခြင်များပေါက်ဖွားမှုမရှိစေရန် ခြင်ဆေးမှုတ်ခြင်းများကို အများပြည်သူ စျေးဆိုင်ပိတ်ရက်တွင် ဆေးမှုတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ကြပြီး မြို့မစျေးအတွင်း ခြင်ပေါက်ပွားနိုင်သော နေရာများအား ကြည့်ရှုစစ်ဆေးကာ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိက စျေးတာဝန်ခံများအား စျေးအတွင်းခြင်၊ ယင်ပေါက်ပွားမှုမရှိစေရန်၊ စျေးသည်များ သတ်မှတ်နေရာများ၌ စနစ်တကျ သန့်ရှင်းသပ်ယပ်စွာ ရောင်းချရန်၊ မီးဘေးလုံခြုံရေး အထူးသတိပြုရန် မှာကြားသည်။

အဆိုပါ မင်းပြားမြို့မစျေးသည် ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ အမ်းမြို့နယ်များမှ လာရောက်စျေးဝယ်သူများဖြင့် အမြဲစည်ကားသည့် စျေးတစ်ခုဖြစ်ကြောင်း သိရသည်။

သောင်းရွှေ