မအီမြို့ ရတနာမာရ်အောင်တောရဓမ္မရိပ်သာကုန်းတော်၌ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်

မအီ ဇူလိုင် ၃၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ပေါ် ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာကုန်းတော်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးစီစဉ်ဆောင်ရွက်၍ မြို့ပေါ်ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့်ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့်ဝန်ထမ်းများ၊ မအီနယ်မြေမီးသတ်စခန်း ဝန်ထမ်းများနှင့် မြို့ပေါ်ဌာနဆိုင်ရာ တာဝန်ရှိသူများက မအီမြို့၊ ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာကုန်းတော်ဝင်းအတွင်းရှိ သစ်ကိုင်းများ၊ ခြုံနွယ်များ၊ မြက်ပင်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။

ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ခြင်းမှာ ရတနာမာရ်အောင်တောရဓမ္မရိပ်သာကုန်းတော် သာသနာ့နယ်မြေ၌ သန့်ရှင်းသာယာစေရေးနှင့် ဝါတွင်းကာလတစ်လျှောက် တရားဓမ္မအားထုတ်ဆောက်တည်သူများ စိတ်အေးချမ်းစွာဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် လေကောင်းလေသန့်ရရှိစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဝါတွင်းကာလမတိုင်မီ ဘုရား၊ ကျောင်း၊ သာသနိကအဆောက်အဦများနှင့် မိမိတို့ကိုးကွယ်ရာ ဆရာဒကာကျောင်းများတွင် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးကုသို့ပြုဆောင်ရွက်ခြင်းဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)