ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာ၌ စူပါဘိုကာရှိပြုလုပ်နည်း သရုပ်ပြပွဲကျင်းပ

ပုဏ္ဏားကျွန်း ဇူလိုင် ၃၁

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ စူပါဘိုကာရှိ ပြုလုပ်နည်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ကွန်းတောင်ကျေးရွာအုပ်စု၊ ကွန်းတောင် ကျေးရွာနေ ဦးချက်ဖားအကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသရုပ်ပြပွဲအခမ်းအနားတွင် စစ်တွေခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က စူပါဘိုကာရှီ ပြုလုပ်နည်းသရုပ်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားကာ ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ဆွေအေးက လယ်ယာမြေ အကြောင်းသိကောင်းစရာများနှင့် EM ဘိုကာရှီအကြောင်း သိကောင်းစရာတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ ကွန်းတောင်ကျေးရွာနှင့်ပဒေသာ ကျေးရွာတို့မှ ဒေသခံတောင်သူ ၄၀ ဦးတက်ရောက်ခဲ့ကြပြီး၊ ပြည်နယ်မြေ အသုံးချရေးတာဝန်ခံ ဒေါ်ခင်ဆွေအေးက စူပါဘိုကာရှီ ပြုလုပ်နည်းပညာအဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)