မောင်တော ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲကို ယမန်နေ့ နံနက်၉ နာရီအချိန် သတ်မှတ်ထားသော စာစစ်ဌာန ၂ တွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါစာမေးပွဲကို သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့်သူများအား မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး ၊ ရုံးအကူ ၊ သန့်ရှင်းရေးအကူ ၊ အစောင့် ၊ လုပ်သား (ရေ၊မီး) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို နံနက် ၉ နာရီမှ စတင်ကာ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ လာရောက် လျှောက်ထားဖြေဆိုသူများအနေဖြင့် အင်္ဂလိပ်စာ၊ မြန်မာစာနှင့်အထွေထွေဗဟုသုတများကို ဖြေဆိုလျက်ရှိပြီး ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကြီးကြပ်ရေးမှူးများ၊ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ရုံးအကူရာထူး ဖြေဆိုရန် စာရင်းရှိ ၄၉၃ ဦးရှိရာ လာရောက်ဖြေဆိုသူ ၄၅၁ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၄၂ ဦးရှိကြောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အငယ်တန်းစာရေး၊ သန့်ရှင်းရေးအကူ၊ အစောင့်၊ လုပ်သား(ရေ၊မီး)ရာထူးနေရာများအတွက် ဖြေဆိုရန် စာရင်းရှိ ၂၆၈ ဦးရှိရာ လာရောက် ဖြေဆိုသူ ၂၃၈ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၃၀ ဦးရှိကြောင်းသိရသည်။ ရေးဖြေစာမေးပွဲဖြေဆိုပြီးသူများ အနေဖြင့် နှုတ်ဖြေစာမေးပွဲလာရောက် ဖြေဆိုရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် (မူရင်း) ၊ ဘွဲ့ရလက်မှတ်(မူရင်း) ၊ အလုပ်သမား မှတ်ပုံတင် ကတ်ပြား(မူရင်း) ၊ အဋ္ဌမတန်းအောင်ကြောင်း ထောက်ခံစာ (မိတ္တူ) တို့အား တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)