ဒဂုံမြောက် ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရသေးသည့် ကလေးငယ်များ၊ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက (၁၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ Mobile စနစ်ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက (၁၆)ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား ကိုယ်အလေးချိန်ပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီးနောက် ကလေးငယ်(၃၉)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါ စသည့်ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးတို့ ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ သတ်မှတ်အကြိမ်ရေ ပြည့်မီစေရေးအတွက် ရပ်ကွက်များအတွင်း ကွင်းဆင်း၍ Mobile စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိခင်နှင့်ကလေးများ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကလေးများအား အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင်မည့် ရောဂါများအား သိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းနှင့် လုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ