ပြင်ဦးလွင် ဇူလိုင် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနက ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (ပထမအကြိမ်) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဇင်မိုးလှိုင်က သင်တန်းဆင်းအမှာစကားနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
ထို့နောက် ခရိုင်အဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးသက်လွင်ထူးက သင်တန်းထုတ်ကုန် ပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/သူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၁၁) နာရီတွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန် (သီးနှံအခြေခံယို၊ ဖျော်ရည်၊ ဝိုင်အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ယို၊ ဖျော်ရည်၊ ဝိုင်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများအား သင်တန်းသား/သူ (၁၁) ဦးကို ဇူလိုင်လ (၂၄) ရက်နေ့မှ ဇူလိုင်လ (၃၀) ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် ဒုတိယအကြိမ် မွမ်းမံသင်တန်း ဖွင့်လှစ်ပြီးပါက လုပ်ငန်းပြန်လည်လုပ်ကိုင်မည့် သင်တန်းသား/သူ (၅) ဦးအား တစ်ဦးလျှင် (၁၀) သိန်း ကျပ်နှင့် ညီမျှသည့် စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)