မိုင်းယောင်း အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်အတွင်း တောင်ပေါ်ဒေသ တိုင်းရင်းသားကျေးရွာများ ဖြစ်သော ဟွေဖကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်း၊ နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း စသည်တို့ကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ယမန်နေ့က သွားရောက်ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာ့ ဝန်ထမ်းများက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ကောက်နုတ်ချက်ဖြစ်သော “ခံနိုင်ရည်မွေးရမှာပါ၊ “နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ “သင့်မိသားစု ကျန်းမာရေး စနစ်တကျလက်ဆေးပေး”၊ “ဆပ်ပြာနှင့်ရေကို အသုံးပြုလက်ဆေးခြင်းဖြင့် ကာကွယ်ပါ”၊ “ကိုဗစ်-၁၉ ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့”၊ ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ၏ အတူနေမိသားစုဝင်များ လိုက်နာရန်၊ “ပါးစပ်နှင့် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ” စသည်တို့ကို ပိုစတာများနှင့်တကွ အသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးစိုးမြတ်ဟိန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်းရှိ လူအသွားအလာများသော နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများကပ်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များအား တိုက်တွန်းဆော်ဩခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
စိုင်းအောင်ဇော်လင်း