မိုးညှင်း ဇူလိုင် ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အမျိုးသားစာပေဆုရ (လူငယ်စာပေဆု) စာရေးဆရာ အကြီးကိုကို(ကသာ)မှ “အနာဂတ်အတွက် စာဖတ်ပါ” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို ဇူလိုင်(၂၈)ရက် နံနက်(၉)နာရီခွဲမှစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေဟောပြောပွဲကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းနှင့် မိုးညှင်းတက္ကသိုလ်တို့တွင် စာရေးဆရာ အကြီးကိုကို(ကသာ)က နံနက်ပိုင်းမှစတင်၍ “အနာဂတ်အတွက် စာဖတ်ပါ” ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများနှင့် လူငယ်လူရွယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် နိုင်ငံတွင် အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာတဲ့အခါ နိုင်ငံတော်အတွက်အားထားရသည့် ပြည်သူများ ယုံကြည်အားကိုးရသည့် ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါကျောင်းများတွင် စာရေးဆရာအကြီးကိုကို(ကသာ)ထုတ်ဝေသည့် သုသစာအုပ်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။
စာရေးဆရာ အကြီးကိုကို(ကသာ)သည် မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာထုတ်ဝေခဲ့သော “သားနဲ့သမီး ဖတ်ဖို့စာ” စာအုပ်ဖြင့် လူငယ်စာပေစာအုပ်ဆုနှင့် ပခုက္ကူဦးအုန်းဖေ စာကြည့်တိုက်ဆုကို လည်းကောင်း၊ မြန်မာနိုင်ငံအနှံ့အပြားတွင် အကြီးကိုကို စာကြည့်တိုက်များ ထူထောင်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ လူမှုထူးချွန် ဒုတိယအဆင့်ကို လည်းကောင်း၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည့် “ပြိုပျက်ခဲ့သော သက္ကရာဇ်များ” ဝတ္ထုတိုပေါင်းချုပ် စာအုပ်ဖြင့် (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆု ကိုလည်းကောင်း၊ လူငယ် ၁၀၀ မေးခွန်း ၁၀၀ အဖြေ ၁၀၀ စာအုပ်ဖြင့် အမျိုးသားစာပေဆု (လူငယ်စာပေဆု)ကိုလည်းကောင်း အသီးသီးချီးမြှင့်ခြင်းခံရသော စာရေးဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း(ပြန်/ဆက်)