အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြော၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျောက်ပန်းတောင်း ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောပ်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယာပညာဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို၊ ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ ပုံဆွဲခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက လူငယ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောရာတွင် လူငယ်ကဏ္ဍနှင့် ပတ်သက်၍  အချက် ၁၆ ချက်ရှိပါကြောင်း၊ ပထမဦးစားပေးမှာ ပညာရေးဖြစ်၍ ဒုတိယဦးစားပေးမှာ ကျန်းမာရေးဖြစ်ပါကြောင်း ပညာရေးကိုထွန်းပေါက်အောင်မြင်အောင် ကြိုးစားကြဖို့လိုသလို၊ ကျန်းမာရေးကိုလည်း မေ့လျော့ထား၍ မရပါကြောင်း၊ ကျန်းမာမှသာ မိမိတို့ ရည်မှန်းချက် ပန်းတိုင်များကို အောင်အောင်မြင်မြင် လှမ်းကိုင်နိုင်မှာဖြစ်ပါကြောင်း၊  ထို့အပြင် မူးယစ်ဆေးနှင့် ဘေးဖြစ်စေတတ်သော ဆေးဝါးများကင်းရှင်းရေးနှင့် အားကစားနှင့်ကိုယ်လက်ကြံ့ခိုင်ရေးတို့ကို လိုက်စားဖို့ လိုအပ်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားဆွေးနွေးသည်။ ယင်းနောက် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)အတွက် အားကစားပစ္စည်းများဖြစ်သည့် ဘော်လီဘောပိုက်နှင့် ဘော်လီဘော ဘော်လုံးများ၊ ကန်ဘောလုံးများ၊ ပိုက်ကျော်ခြင်းနှင့်ဆက်စပ်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ညောင်ဦးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ညိုညိုထွေးနှင့် ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်နှင့်ဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၈၇ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)