မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်းတွင် ဆောင်ရွက်သော လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

မောက်မယ်  အောက်တိုဘာ ၁၄

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်း အတွင်း ကျေးရွာအုပ်စု(၈) အုပ်စု၊ ကျေးရွာပေါင်း(၁၀၃) ရွာမှ စီမံကိန်း လုပ်ငန်းခွဲ ပေါင်း (၇၈) ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းခွဲများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအထိ စီမံကိန်းချမှတ် ထားသော လမ်းညွှန်သတ်မှတ်ချက်များ၊ စီမံကိန်းစက်ဝန်းအပိုင်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)စက်ဝန်းတွင် ထောက်ပံ့ရံပုံငွေ ကျပ်သန်း ၅၃၄ သန်းဖြင့် လမ်းလုပ်ငန်း ၂၈ ခု၊ တံတားလုပ်ငန်း ၆ ခု၊ ပညာရေးနှင့်သက်ဆိုင်သော အဆောက်အဦ ၃ ခု၊ ရေပေးရေးလုပ်ငန်း ၁၄ ခု၊ မီးလင်းရေးလုပ်ငန်း ၁၀ ခု၊ ကျေးရွာခန်းမဆောင် လုပ်ငန်း ၁၆ ခုနှင့် အခြား (အုတ်ရေမြောင်း) ၁ ခု စုစုပေါင်း လုပ်ငန်းခွဲပေါင်း ၇၈ ခုအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်အတွင်းရှိ လူဦးရေ ၂ သောင်းခန့် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

မောက်မယ် (ပြန်/ဆက်)