ရပ်စောက် ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တောကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးရှေးရယ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆောင်ရွက်ရခြင်းနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ကျေးရွာစီမံကိန်း တာဝန်ခံများထံ ငွေကျပ်သိန်း ၃၀၀ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျောက်တောကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၇၀ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၄ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၃ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၈ ဦး စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၀၅ ဦးကို ပထမအကြိမ်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ထုတ်ချေးခဲ့ကြောင်း သိရသည်။
ဆုမွန်