မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းပြီး တိုင်းရင်းဆေးဖြင့် ပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေး

မာန်အောင် ဇူလိုင် ၃၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စည်းရုံးရေးစစ်ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီက သိမ္ဘလကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာနှင့် သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာများသို့ သွားရောက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဦးထွန်းမြင့်မှ မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးကိစ္စ စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်​  ​လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံရေးစစ်ကြောင်းတွင်ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြပြီး ကျေးလက်နေပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဦးထွန်းမြင့်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့​​သည်။

ထို့နောက် စည်းရုံးရေးစစ်ကြောင်းတွင်ပါဝင်သော မြို့နယ်တိုင်းရင်းဆေးကုဌာမှ တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦးက ကုန်းတန်းကျေးရွာအ-မ-ကတွင် အခြေပြုလျက် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ဒေသခံပြည်သူ(၅၁)ဦးအား တိုင်းရင်းဆေးဖြင့် (အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)