ချမ်းအေးသာစံ ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တက်ရောက်လာကြသူများမှ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ချမ်းမြသာစည်မြို့နယ်၊ ဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇနပီယထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ဟောကြားချီးမြှင့်သည့် ပရိတ်တရားတော်မြတ်များအား ရိုသေစွာ နာယူကြည်ညိုကာ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုအား ရေစက်သွန်းချ အမျှပေးဝေ၍ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားရုပ်သိမ်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ချမ်းမြသာစည်မြို့နယ်၊ ဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇနပီယ၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသည့် ဆရာတော် ၂၇ ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်လွင်တို့နှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးသာသနာရေးမှူး ဦးကျော်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်