နောင်ချိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကမ္ဘာမိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

နောင်ချို ဇူလိုင် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကမ္ဘာမိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငြိမ်းလှလှအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် သားဖွားဆရာမ ဒေါ်ခိုင်ခိုင်ဇင်က မိခင်လောင်းများအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရရှိသော အစားအစာများကို ရွေးချယ်စားသုံးသင့်ကြောင်း၊ မီးဖွားပြီး အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ကြောင်း၊ အသက်(၂)နှစ်အောက်ကလေးများအား အဆုတ်တီဘီ၊ ငါးမျိုးစပ်(BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံဖို့လိုကြောင်း စသည်ဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကိုယ်ဝန်များဆောင်အား ကြက်ဥ၊ ငှက်ပျောသီး၊ အိုင်အိုဒင်းဆားနှင့် ထောက်ပံ့ငွေတစ်ဦးလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့်(၅)ဦးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နောင်ချိုမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)