မော်လမြိုင် ဇူလိုင် ၃၀
မွန်ပြည်နယ်ရဲတပ်ဖွဲ့မိသားစုတို့၏ စုပေါင်းဝါဆို သင်္ကန်းဆပ်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်၊ ဆင်ဖြူပရိယတ္တိ စာသင်တိုက်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီး အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်၊ ဆင်ဖြူပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ကြီးထံမှငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့်ဇနီး၊ တက်ရောက်လာသော ဧည့်ပရိတ်သတ်များတို့က လှူဖွယ်ပစ္စည်းများနှင့် ဝါဆိုသင်္ကန်းများကို စုပေါင်းကပ်လှူခဲ့ကြသည်။
ဆက်လက်၍ မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်၊ ဆင်ဖြူပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ အနုမောဒနာ တရားချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)