တန့်ယန်း ဇူလိုင် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ နယ်စပ်ဒေသ တောင်တန်းသာသနာပြု ရွှေမောင်းသီလရှင်စာသင်တိုက်၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၃-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ စာအောင်သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ်ပြီး ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလထံမှ ဧည့်ပရိတ်သတ်အပေါင်းက ရှစ်ပါးသီလခံယူဆောက်တည်ကြကာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များတို့က မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာရှင်များ၊ တပည့်ဒါယကာ ဒါယိကာမများက ဝါဆိုသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ၂၀၂၃-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမငယ်တန်းအောင် ဆရာလေး (၂၀) ပါးနှင့် ပထမလတ်တန်းအောင် ဆရာလေး (၄) ပါး စုစုပေါင်း စာအောင်သီလရှင် (၂၄) ပါးတို့အား ဂုဏ်ပြုပူဇော်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့၌ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့ကြသော သီလရှင်ဆရာလေးများအား တာဝန်ရှိသူ အသီးသီးတို့က ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)