ဇေယျာသီရိ ဇူလိုင် ၃၀
ကောက်စိုက်စက်နောက်တွဲမျိုးစေ့ချကိရိယာဖြင့် အစိုသမန်းပြင်တွင် မျိုးစေ့ချစိုက်ပျိုးသရုပ်ပြပွဲကို ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက် အမှာစကားပြောကြားခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့် နေပြည်တော်တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးအခြေအနေများအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေလိုအပ်ချက်အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းက ကောက်စိုက်စက် နောက်တွဲမျိုးစေ့ချကိရိယာဖြင့် အစိုသမန်းပြင်တွင် မျိုးစေ့ချစိုက်ပျိုးမှုအားပြသခဲ့ရာ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ကြည်ရှုခဲ့ပြီး ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနအတွင်းရှိ ယာမျိုးစပါးစိုက်ပျိုး ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကောက်စိုက်စက် နောက်တွဲမျိုးစေ့ချကိရိယာဖြင့် အစိုသမန်းပြင်တွင် မျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် စပါးစိုက်တောင်သူများအနေဖြင့် မျိုးစေ့အလေအလွင့်မရှိ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အချိန်ကုန် သက်သာခြင်း၊ လုပ်အားခလျော့ချနိုင်သည့်အတွက် ငွေကုန်ကြေးကျသက်သာခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)