မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မိုင်းရယ် ဇူလိုင် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်မိ၊ ရပ်ဖ အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက်၊ ဓမ္မာရုံ၌ ပြုလုပ်သည်။

အခမ်းအနားသို့ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက် ဘဒ္ဒန္တဦးဇာဂရ အမှူးပြုသော ပင့်သံဃာ(၁၈)ပါး၊  အမှတ်(၃၅၀) အမြောက်တပ်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များနှင့် ရပ်မိ၊ ရပ်ဖ အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက် ဘဒ္ဒန္တဦးဇာဂရ ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ်တရားတော်ကို ရွတ်ပွားချီးမြှင့်သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ကြသည်။

 မိုင်းရယ်(ပြန်/ဆက်)